Complexity...

September 9, 2016

ရှုပ်ထွေးလာသောဖွံ့ဖြိုးရေးလုပ်ငန်းများ … 

မြေယာအရေးလှုပ်ရှားသူတစ်ဦး၏အပြောင်းအလဲအမြင်

 

ကျွန်တော်တို့နိုင်ငံမှာ အချိန်နဲ့အမျှ လျင်မြန်တဲ့ အပြောင်းအလဲတွေ ဖြစ်နေတော့တာပါပဲ။ အဲဒီကြားမှာ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ရတာ တဖြည်းဖြည်း စိန်ခေါ်မှုကြီးမားလာနေပါတယ်။ အရင်တုန်းက ဖွံ့ဖြိုးရေးလုပ်ငန်းလို့ပြောရင် ကျေးလက်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အသိပညာပေးနဲ့ လူမှုရေးထောက်ပံ့ဝန်ဆောင်မှုများတွေကို အဓိကလုပ်ဆောင်ခဲ့ကြပါတယ်။ 

 

လွန်ခဲ့တဲ့ ငါးနှစ်လောက်ကနေစပြီး နိုင်ငံရေး အပြောင်းအလဲဖြစ်လာချိန်ကစလို့ ငြိမ်းချမ်းရေး၊ စီမံအုပ်ချုပ်မှုနဲ့ ရွေးကောက်ပွဲ စတဲ့ ရှုပ်ထွေးတဲ့ ခေါင်းစဉ်များ ဖွံ့ဖြိုးရေးလုပ်ငန်းတွေထဲမှာ ပေါ်ပေါက်လာပါတယ်။ အဲဒီထဲမှာ “မြေနဲ့သယံဇာတ” ကဏ္ဍလည်းပါဝင်ပါတယ်။

မြေနှင့်သယံဇာတကဏ္ဍဟာ ကြီးမားကျယ်ပြန့်တဲ့ဖွံ့ဖြိုးရေးတဲ့ ပြဿနာဖြစ်ပါတယ်။ ခေတ်အဆက်ဆက်က ရှုပ်ထွေးတဲ့စနစ်နဲ့ဥပဒေမရှင်းလင်းမှုများကို ပြုပြင်ပြောင်းလဲနိုင်မှသာ ပြည်သူတို့ရဲ့နစ်နာမှုများကို ကုစားနိုင်ပြီး အခွင့်အရေးမြှင့်တင်နိုင်မှာဖြစ်ပါတယ်။ သို့ပေမယ့် တစ်ချိန်တည်းမှာပဲ ဒေသခံပြည်သူတို့ရဲ့ လက်တွေ့ရင်ဆိုင်နေရတဲ့ ပြဿနာ ဖြေရှင်းနိုင်ဖို့ တောင်းဆိုမှုတွေဟာ မြင့်တက်နေပါတယ်။ 

 

ဒေသခံပြည်သူတွေရဲ့ ပြဿနာတွေဟာလည်း သိမ်းဆည်းမြေပြန်လည်ရရှိရေးကစလို့ ပိုင်ဆိုင်မှုအငြင်းပွားမှုများ၊ ဓလေ့ထုံးတမ်းဆိုင်ရာမြေယာပိုင်ဆိုင်မှုအတွက် တောင်းဆိုမှုများစသဖြင့် မတူကွဲပြားစုံလင်ပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံရဲ့ လျင်မြန်တဲ့ နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှုတွေဟာလည်း ဒီပြဿနာတွေပေါ်မှာ သက်ရောက်မှုအမျိုးမျိုးဖြစ်စေပါတယ် (ဥပမာ - နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်)။ 

 

ဒီလို ဘက်ပေါင်းစုံကရှုပ်ထွေးတဲ့အနေအထားမှာ အပြောင်းအလဲလုပ်ဆောင်နိုင်ဖို့ တစ်မူထူးခြားတဲ့ ချဉ်းကပ်ပုံအသစ်များ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေမှာ လိုအပ်လာပါတယ်။

မြေယာအခွင့်အရေးမြှင့်တင်ရေးနဲ့ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်တဲ့ အတွေ့အကြုံပေါ်အခြေခံပြီး “အပြောင်းအလဲ” အတွက် ချဉ်းကပ်ပုံ အချက် (၃)ချက်တင်ပြလိုပါတယ်။

 

နိုင်ငံရေးအရွေ့နှင့်လိုက်ပါစီးမျောနိုင်ခြင်း (Political Adaptability) - မြေယာကဏ္ဍလို နိုင်ငံရေး၊စီးပွားရေးနဲ့လူမှုရေး ကဏ္ဍစုံပါဝင်နေတဲ့ကိစ္စမှာ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအရွေ့ကို အခြေခံပြီး ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ချမှတ်ရပါတယ်။ အထူးသဖြင့် ပြောင်းလဲရေးဖြစ်စဉ်တွေ ကို စဉ်ဆက်မပြတ်လေ့လာနေဖို့အရေးကြီးပါတယ်။ 

ဥပမာ - အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းလိုမျိုး အစီအစဉ်တွေ ပေါ်ထွက်လာတာကို သိရှိပြီး လေ့လာသုံးသပ်ဖို့လိုပါတယ်။ နောက်တစ်ခါ လွှတ်တော်မှာတင်သွင်းတဲ့အဆိုနဲ့ အမေးအဖြေများ စတာတွေဟာလည်း ကျွန်တော်တို့ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေရဲ့ လားရာကိုညွှန်ပြနေပါတယ်။ 

 

နေ့စဉ်သတင်းတွေနဲ့ အခြားသော အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကိုလည်းလေ့လာသုံးသပ်နေဖို့လိုပါတယ်။ ဒါမှသာ ဘယ်လို အခွင့်အလမ်းတွေကို အခြေခံပြီးလုပ်ဆောင်ရမလဲ၊ ဘယ်သူတွေနဲ့ ဘယ်လိုအချိန်မှာ ပေါင်းစပ်လုပ်ဆောင်နိုင်မလဲဆိုတာ သိနိုင်မှာဖြစ်ပါတယ်။

မတူကွဲပြားသော ဇာတ်ကောင်များအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုအခြေခံခြင်း (Dialogue and engagement approach) - လက်ရှိကျွန်တော်တို့နိုင်ငံမှာ ပြဿနာတွေရဲ့ ပမာဏနဲ့ ပြုပြင်ပြောင်းလဲမှုနှုန်းဟာ မမျှတပါဘူး။ ပြဿနာတွေဟာ အမျိုးအားဖြင့်လည်း စုံလင်ပြီး အရေအတွက်ကလည်းများပါတယ်။ 

 

ဒေသတစ်ခုနဲ့တစ်ခုလည်းမတူညီပါဘူး။ အစိုးရတစ်ရပ်အနေနဲ့လည်း ဦးစားပေးအစီအစဉ်ချမှတ်ဖို့ရာ ဒီလိုအခြေအနေမျိုးမှာ အင်မတန်ခက်ခဲပါတယ်။ 

ဒါပေမယ့်လည်း လက်ငင်းအကျိုးရလဒ်တွေရရှိနိုင်ဖို့ဟာ ပြည်သူတွေရဲ့ ကြီးမားတဲ့ မျှော်မှန်းချက်ဖြစ်ပါတယ်။ အဲဒါအတွက် နည်းလမ်းကတော့ တွေ့ဆုံဆွေးနွေးမှု ဒိုင်ယာလော့ဒ် နည်းလမ်းပဲဖြစ်ပါတယ်။ ကျွန်တော့် အတွေ့အကြုံအရ ဒါဟာ အပြောင်းအလဲအတွက် အင်မတန်အရေးကြီးပြီး အခြေခံကျတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဒေသအဆင့် အစိုးရဌာနနဲ့ ဒေသခံများတွေ့ဆုံဆွေးနွေးမှုဟာ အံ့မခန်းတဲ့ရလဒ်တွေဖြစ်ပေါ်လာပါတယ်။ 

 

ကျွန်တော့်ရဲ့ အတွေ့အကြုံအရပြောရရင် တစ်ချို့ပြဿနာတွေဟာ အစိုးရရဲ့ ရှုပ်ထွေးတဲ့လုပ်ထုံးလုပ်နည်းတွေကို ပြည်သူတွေက သေချာနားမလည်တာနဲ့ ပကတိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အစိုးရဌာနများက မသိနေတာတွေပေါ်အခြေခံပါတယ်။ တွေ့ဆုံဆွေးနွေးမှုများဟာ ဒါတွေကိုပြောင်းလဲစေပါတယ်။ တစ်ခါတစ်လေတော့လည်း တွေ့ဆုံးဆွေးနွေးမှုများဟာ ပွတ်တိုက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါဟာလည်း စနစ်ရဲ့အားနည်းမှုနဲ့နှစ်အတော်ကြာ ပျောက်ဆုံးနေတဲ့ အချင်းချင်းယုံကြည်မှုတွေကြောင့်ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးမှုများကို မြှင့်တင်ခြင်းဟာ ရှုပ်ထွေးတဲ့ဖွံ့ဖြိုးရေးပြဿနာများကို ချဉ်းကပ်နည်းတစ်ခုဖြစ်ပါတယ်။

 

ဖြစ်စဉ်အခြေပြုစဉ်းစားခြင်း (Process perspective) - ဒီအချက်ကလည်း တော်တော်လေးကို အရေးပါပါတယ်။ ခေတ်အဆက်ဆက်က ကျွန်တော်တို့အားလုံးရင်းနှီးခဲ့ပြီး အသုံးပြုခဲ့တဲ့ စီမံကိန်းဆွဲတဲ့ပုံစံ (Logframe) ကိုကြည့်ရင် ဘယ်အချိန်မှာ ဘာကိုလုပ်မယ် အရေအတွက်က ဘယ်လောက်စသဖြင့် စဉ်းစားလေ့ရှိပါတယ်။ 

 

လက်ရှိပြောင်းလဲလာတဲ့အခြေအနေမှာ လိုက်လျော်ညီထွေစွာပြောင်းလဲဆောင်ရွက်နိုင်ဖို့ ဖွံ့ဖြိုးရေးစီမံကိန်းတွေဒီဇိုင်းဆွဲ စဉ်းစားတဲ့ပုံစံကို ပြောင်းလဲဖို့လိုပါတယ်။ ဥပမာ ညှိနှိုင်းဆွေးနွေးပွဲတွေကို ဘယ်အချိန်မှာ ဘာကိုလုပ်မယ်ဆိုတာမျိုး ပုံသေကားချပ်သတ်မှတ်ထားလို့မရပါဘူး။ သတ်မှတ်ပြီး မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုရင်လည်း ထိရောက်မှုရှိချင်မှရှိမှာဖြစ်ပါတယ်။ အထူးသဖြင့် မြေယာအရေးဆွေးနွေးပွဲတွေ လုပ်ခဲ့တဲ့ ကျွန်တော့်အတွေ့အကြုံအရ အခွင့်အလမ်းပေါ်မူတည်ပြီးလုပ်ဆောင်ရတာမျိုးများပါတယ်။

 

ဒီနေရာမှာ အလှုရှင်များ၊ နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီများရဲ့ မူဝါဒများကလည်း ဖွံ့ဖြိုးရေးစီမံကိန်းများအပေါ်လွှမ်းမိုးမှုရှိပါတယ်။ သမားရိုးကျရလဒ်ကို အခြေပြုတဲ့စဉ်းစားမှုမျိုးဟာ ပြောင်းလဲလာတဲ့အခြေအနေနဲ့ ကိုက်ညီမှုမရှိတာများလာပါတယ်။ ဖြစ်စဉ်ကို အခြေပြုစဉ်းစားခြင်းဟာ ရှုပ်ထွေးတဲ့ ပြဿနာများကို အကျိုးသက်ဆိုင်သူများ အားလုံးပူးပေါင်းပါဝင်မှုကိုအားကောင်းစေပါတယ်။ ပြဿနာဖြေရှင်းနိုင်ဖို့ အပြန်အလှန်သင်ယူမှုတွေ၊ ချိတ်ဆက်ဆောင်ရွက်မှုတွေဆောင်ရွက်နိုင်မှ ရေရှည်တည်တံ့တဲ့ရလဒ်များရမှာဖြစ်ပါတယ်။

 

ခြုံပြီးပြောရရင်တော့ ရှုပ်ထွေးလာတဲ့ ဖွံ့ဖြိုးရေး ပြဿနာများကို ကိုင်တွယ်နိုင်ဖို့ ကျွန်တော်တို့အားလုံးရဲ့ အတွေးအမြင်များ၊ လုပ်ကိုင်ပုံများ ပြောင်းလဲဆောင်ရွက်နိုင်ဖို့ အရေးကြီးလာတာ သေချာပါတယ်။ နောက်ထပ်လည်း အခွင့်ရေးရရင် PK forum ကနေတစ်ဆင့် ကျွန်တော့်တင်ပြခဲ့တဲ့ ချဉ်းကပ်ပုံများကို လက်တွေ့ဆောင်ရွက်မှုနဲ့ အတွေ့အကြုံများကို ဆက်လက်ဆွေးနွေးသွားဖို့ စိတ်ကူးပါတယ်။

Please reload