စစ်တပ်အာဏာသိမ်းပြီး အခြေအနေ
ဖေဖော်ဝါရီလ၊ ၁၈ ရက်
စစ်တပ်အာဏာသိမ်းမှု ကို ဆန့်ကျင်ရေးလှုပ်ရှားမှု နှင့် မတရားစစ်တပ်၏လက်အောက်တွင် အလုပ်လုပ်ရန် ငြင်းဆိုသော Civil Disobedience Movement (CDM) လှုပ်ရှားမှုမှာ တစ်စတစ်စဖြင့် အရှိန်အဟုန် ကောင်းလာသည်ကို တွေ့ရပါသည်။ ဖေဖော်ဝါရီလ ၁၈ ရက် စာရင်းများအရ ယခုဆိုလျှင် မြို့နယ်ပေါင်း ၂၈၃ မြို့နယ်၊ အစိုးရဌာနပေါင်း ၁၂၀၀ ကျော်၊ ဝန်ကြီးဌာန ၂၃ ခုနှင့် ဝန်ထမ်းပေါင်း ၁၇၀၀၀ ကျော်ပါဝင်လာပြီဖြစ်ပါသည်။ (https://cdm2021.com) CDM စာရင်းများသည်လည်း အချိန်နှင့်အမျှတိုးလာလျက်ရှိပါသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် လူထုလှုပ်ရှားမှု စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်သည် ပိုမိုအားကောင်းလာသည်ကို တွေ့ရှိရပါသည်။ စစ်တပ်မှ ပြည်သူများအပေါ် ဖိနှပ်မှုများ၊ ကန့်သတ်မှုများ၊ ချုပ်ခြယ်မှုများ ပြုလုပ်ခြင်းများသည် ပြည်သူလူထုများအတွက် အချင်းချင်း ပိုမိုစည်းလုံးစေရန် အတွက် တွန်းအားပေးသော မောင်းနှင်တံများပမာ ဖြစ်စေခဲ့ပါသည်။ ပြည်သူများမှာလည်း အခက်အခဲ အတားအဆီး မည်မျှပင်ရှိစေကာမူ နည်းလမ်းပေါင်းစုံဖြင့် ဆန္ဒဖော်ထုတ်လျက်ရှိပါသည်။ ဥပမာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ရန်ကုန်တွင် ကားများထူးဆန်းစွာ လမ်းမပေါ်၌ တစ်ချိန်တည်း ပျက်ခြင်း။ အလွှာပေါင်းစုံမှ ပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ အထူးသဖြင့် လူငယ်များမှ တီထွင်မှု၊ ဖန်တီးမှု၊ ဆန်းသစ်မှု ပေါင်းစုံဖြင့် အားလုံးစုစုစည်းစည်း ဆန္ဒဖော်ထုတ်ကြသည်မှာ အလွန်ပင် ဝမ်းနည်း ဝမ်းသာပီတိဖြစ်ရပါသည်။
CDM လုပ်ဆောင်မှုများ အားကောင်းလာသည်နှင့် အမျှ CDM တွင်ပါဝင်သော အစိုးရဝန်ထမ်းများ၏ လုံခြုံရေး နှင့် ၎င်းတို့၏ စားဝတ်နေရေးများအတွက်လည်း လိုအပ်လာမည်ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူလူထုမှလည်း မိမိတို့တတ်နိုင်သမျှ CDM တွင်ပါဝင်သော အစိုးရဝန်ထမ်း သူရဲကောင်းများအတွက် တတ်နိုင်သမျှဝိုင်းဝန်းကူညီ ပံ့ပိုးပေးလျှက်ရှိပါသည်။ လက်ရှိတွင် CDM တွင်ပါဝင်သော အစိုးရဝန်ထမ်းများအတွက် ပါဝင်ကူညီရန် ကတိပြုထားသူဦးရေ တစ်သိန်းနီးပါးရှိပြီး လှူဒါန်းရန်ကတိပြုငွေမှာ ကျပ်သိန်းပေါင်း ကိုးသောင်းနီးပါး ရှိပြီဖြစ်ပါသည် (https://cdmmyanmar.org/)။ ယင်းလှူဒါန်းရန် ကတိပြုငွေပမာဏသည် ဥပမာ အစိုးရဝန်ထမ်းပေါင်း ၁၈၀၀၀ ကို တစ်ယောက်ကို တစ်လ ၂၀၀၀၀၀ ကျပ်နှုံးဖြင့်တွက်လျင် နှစ်လ ကျော်ထောက်ပံ့ပေးနိုင်သည့် ငွေပမာဏဖြစ်ပါသည်။ နိုင်ငံခြားရောက် နေသောသူများ၏ လှူဒါန်းရန် ငွေပမာဏမှာလည်း များစွာရှိမည် ဟု ခန့်မှန်းရပါသည်။ ကူညီထောက်ပံ့မှုများမှာ အလွန် အားရစရာ ကောင်းပါသည်။ ထို့ကြောင့် ပြည်သူများ၏ ဒီမိုကရေစီတိုက်ပွဲသည် ပြည်သူလူထုများ၏ စည်းလုံးမှု၊ စနစ်တကျရှိ မှု နှင့် နိုင်ငံတကာ၏ အားပေးမှုများ နှင့် ထောက်ပံ့မှုများဖြင့် ပေါင်းစပ်လိုက်လျှင် မုချအောင်မြင်မည်ဟု ယုံကြည်ပါသည်။

စစ်တပ်မှ အင်တာနက်ဖြတ်တောက်မှုများကို ဖေဖော်ဝါရီ ၁၆ ရက်နေ့မှ စတင်၍ နံနက် ၁ နာရီမှ နံနက် ၉ နာရီအထိ ပုံမှန်ဖြတ်တောက်မှုကို ထပ်မံလုပ်ဆောင်နေသည်မှာ လည်း သုံးရက်တိုင်တိုင်ပင် ရှိခဲ့ပြီဖြစ်ပါသည်။ ၎င်းအပြင် အာဏာသိမ်းစစ်တပ်သည် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကိုလည်း ပြန်လည်ပြင်ဆင်ခဲ့ပါသည်။ ရည်ရွယ်ချက်မှာ သတင်းမီဒီယာသမားများ သတင်းများကို လွတ်လပ်စွာရယူနိုင်ခွင့်၊ ဝေဌနိုင်ခွင့် မရှိစေရန် နှင့် ယင်းဥပဒေကိုပြင်ဆင်ခြင်းအားဖြင့် ပိုမိုခြိမ်းခြောက်နိုင်စေရန် နှင့် ဖိနှိပ်နိုင်စေရန် ဖြစ်နိုင်သည်ဟု ယူဆရပါသည်။ ၎င်းဥပဒေသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းနှင့်လည်း ကိုက်ညီမှုမရှိသည်ကိုတွေ့ရှိရပါသည်။ အဘယ်ကြောင့်ဆိုသော် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ တွင် “လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့် နှင့် လွတ်လပ်စွာ ဖွင့်ဟ ဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောင့် အယှက်မရှိပဲ လွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့် ပါဝင်သည့် အပြင်၊ နိုင်ငံနယ်နမိတ်များကို ထောက်ထားရန် မလိုပဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့် နှင့် ဝေဌဖြန့်ချီခွင့်တို့လည်း ပါဝင်သည်။” ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်၊ အမေရိကန် နိုင်ငံခြားရေးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်မှလည်း ရှုတ်ချခဲ့ပါသည်။
မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းများမှလည်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသော ပြည်သူများကိုထောက်ခံကြောင်း၊ စစ်တပ် နှင့် လုံခြုံရေးတပ်ဖွဲ့များ မှ ပြည်သူများအပေါ် အကြမ်းဖက်ခြင်းမှ ရှောင်ကြဥ်ရန် ကိုလည်း တောင်းဆိုခဲ့ပါသည်။ နိုင်ငံရေးခေါင်းဆောင်များ နှင့် သတင်းသမားများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား မတရားဖမ်းဆီးခြင်းများ၊ ဆက်လက်ထိန်းသိမ်းထားခြင်းများကိုလည်း ကန့်ကွက်ရှုတ်ချပါသည်။ ၎င်းအပြင် စစ်တပ်မှ အင်တာနက်ဆက်သွယ်ရေးများကို ဖြတ်တောက်မှုများကိုလည်း ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချခဲ့ကြပါသည်။ ထို့ကြောင့် ယခုစစ်တပ်မှ အာဏာသိမ်းမှုကို မြန်မာနိုင်ငံရှိ သံတမန်များမှ အသိအမှတ် မပြုခြင်းပင်ဖြစ်ပါသည်။
ဥရောပသမဂ္ဂမှလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအတွက် အကူအညီများကို ခေတ္တဆိုင်းငံ့မည်ဟု ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် ကေအိုင်အို ခေါ် ကချင်လွတ်လပ်ရေးအဖွဲ့မှလည်း နိုင်ငံခေါင်းဆောင်များ၊ နိုင်ငံ့ဝန်ထမ်းများ နှင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများ မပြုလုပ်ရန်၊ ပြည်တွင်းပြည်ပ နှင့် နိုင်ငံတကာ၏ တိုက်တွန်းချက်များကို တန်ဖိုးထားရန်ကိုလည်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ၎င်းအပြင် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် ပြည်သူများ၏ ဆန္ဒဖော်ထုတ်မှုများအားလုံးကို ကြိုဆိုကြောင်း သဘောထားထုတ်ပြန်ခဲ့ပါသည်။
ကျန်းမာရေးဝန်ထမ်းများဖြင့် စတင်ခဲ့သော CDM လှုပ်ရှားမှုသည် ကျန်းမာရေးဝန်ထမ်းများမှ ၎င်းတို့အပေါ်နည်းလမ်းပေါင်းစုံဖြင့် ကာကွယ်ပေးခဲ့သော ပြည်သူများကို ကျေးဇူးအထူးတင်ရှိပါကြောင်း နှင့် ပြည်သူများနှင့် အတူ စစ်အာဏာရှင်စနစ်ကျရှုံးစေရန် ဆက်လက်၍ တိုက်ပွဲဝင်ရန်အတွက် ဝိုင်းဝန်းကူညီပေးကြပါရန်အတွက် ပြည်သူများသို့ပန်ကြားချက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဝန်ထမ်းများမှ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။ ဤအရာများကို ကြည့်ခြင်းအားဖြင့် စစ်တပ်၏ မတရား အာဏာသိမ်းမှုကို မည်သူမျှပင်လက်မခံသည်ကို ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။
CDM လှုပ်ရှားမှု အားကောင်းလာသည်နှင့် အမျှ စစ်တပ်မှလည်း CDM တွင်ပါဝင်သော အစိုးရဝန်ထမ်းများကိုလည်း လိုက်လံဖမ်းဆီးမှုများ၊ အကြမ်းဖက်ဖြိုခွင်းခြင်းများ၊ ဖိနှိမ်မှုများ၊ ဖမ်းဆီးခြင်းများ ကိုလည်း ဆက်လက်လုပ်ဆောင်လျှက်ရှိပါသည်။ ညမထွက်ရအမိန့် ည ၈ နာရီ မှ နံနက် ၄ နာရီအတောအတွင်း တွင်ပါ ဖမ်းဆီးလုပ်ဆောင်လျက်ရှိပါသည်။ စစ်တပ်သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ထောင်သား ၂၃၃၁၄ ဦးအား လွတ်ပေးခဲ့ပါသည်။ ၎င်းနောက် ရပ်ကွက်အချို့တွင် မီးကွင်းပစ်ခြင်းများ၊ မီးရှို့ရန်ကြိုးစာခြင်းများ၊ ညမထွက်ရအချိန်အတွင်း သူစိမ်းဝင်ခြင်းများ၊ ပြည်သူများအား ဖမ်းဆီးခြင်းများ ဆက်တိုက်ဆိုသလိုပင် ပေါ်ပေါက်ခဲ့ပါသည်။ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းများအရ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူမှာ ၄၅၂ ဦးရှိခဲ့ပြီဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူများမှာလည်း မိမိတို့ရပ်ကွက်ပြည်သူလူထု ဘေးကင်းလုံခြုံရေးအတွက် ရပ်ကွက်များအတွက်ကင်းစောင့်ခြင်း၊ လမ်းများပိတ်ခြင်းများ၊ လုံခြုံရေးကင်မရာတပ်ဆင်ခြင်းများ၊ လမ်းများ၊ နောက်ဖေးလမ်းများပါမကျန် မီးများတပ်ဆင်ခြင်းများ စသည့်လုပ်ဆောင်ခြင်းများ၊ သူခိုးဖမ်းခြင်းများကိုပါ လုပ်ဆောင်လာရပါတော့သည်။ ပြည်သူများ ယခင်ထက် ပိုမိုစည်းရုံးလာခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ ပြည်သူတွေ အလွန်ညီကြပါသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ယခင်တရားစွဲထားသော ပို့ကုန်၊ သွင်းကုန်ဥပဒေ ပုဒ်မအပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မပါ ထပ်တိုး၍ တရားစွဲဆိုမှုပြုခဲ့ပြီး ပထမအကြိမ်ရုံးထုတ်စစ်ဆေးမှု ပြုလုပ်ခဲ့ပါသည်။ စစ်အာဏာရှင်မှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အပေါ် မသမာသောနည်းလမ်းများ ပေါင်းစုံသုံး၍ တရားစွဲဆိုမှုများ ပြုလုပ်လာနိုင်ပါသည်။ ထို့အပြင် ပြည်သူများအကြား စိတ်ဝမ်းကွဲစေရန်တိုက်ပေးခြင်း၊ ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူများအပေါ် အကြမ်းဖက်ဆူပူမှုများဖြစ်အောင် ပြုလုပ်စေခြင်း၊ လှုံ့ဆော်ခြင်း နှင့် ဖန်တီးခြင်း၊ ပြည်သူနှင့် ရဟန်းသံဃာများကြား ရန်တိုက်ပေးခြင်း တို့ကိုလည်း များစွာပြုလုပ်လာနိုင်ဖွယ်ရှိပါသည်။ သို့မှသာလျှင် စစ်အာဏာသိမ်း မင်းအောင်လှိုင် တည်မြဲမည်ဖြစ်ပါသည်။ ထို့ကြောင့် စစ်အာဏာတည်မြဲရေးတစ်ခုတည်းအတွက် မည်သည့်ကိစ္စကိုမဆို ပြုလုပ်လာနိုင်သည့် အနေအထားရှိပါသည်။ ဤကဲ့သို့သော မတရားသော အပြုအမူများသည် ပြည်သူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများအတွက် စိုးရိမ်မှုများကို ဖြစ်စေခဲ့ပါသည်။ ဤအရာများသည် စစ်တပ်မှ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ တောင်းဆိုချက်များကို မလိုက်လျောသည့်အပြင် စစ်အာဏာရှင်မှ မည်သူ့ကိုမျှ ဂရုမစိုက်ကြောင်းပြသနေသည်ဟု သုံးသပ်မိပါသည်။ အစိုးရဝန်ထမ်းများကို CDM တွင်မပါဝင်စေပဲ အလုပ်ပြန်လည်ဆင်းရန်ကိုလည်း ခြိမ်းခြောက်လျက်ရှိသည်ကို တွေ့ရပါသည်။ ထို့ကြောင့် CDM လှုပ်ရှားမှုသည် စစ်တပ်အပေါ်များစွာ အကျိုးသက်ရောက်မှုရှိသည်ဟု ဆိုနိုင်ပါသည်။ သို့သော်လည်း CDM တွင်ပါဝင်သော ဝန်ထမ်းများ များပြားလာသည် နှင့် အမျှ ၎င်းတို့အတွက် လိုအပ်သော အကူအညီလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်လာမည်ဖြစ်ပါသည်။
စစ်အာဏာရှင် မင်းအောင်လှိုင်အပေါ် မည်သူမျှ မထောက်ခံသည့်မပြင် ပြည်တွင်းရော နိုင်ငံတကာမှပါ စစ်အာဏာရှင်ကျရှုံးမှု နှင့်အတူ ပြည်သူများငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သည်ကို ဝိုင်းဝန်းအားပေးကြသည့် အတွက် ကျွန်ုပ်တို့အားလုံး လိုချင်သော စစ်အာဏာရှင်ကျရှုံးမည့် ရက်ကို ရရှိရန် မဝေးတော့ပြီဟု ယုံကြည်ပါသည်။ တိုင်းရင်းသားညီနှောင်များ၊ ပြည်သူလူထုများ၊ အနုပညာရှင်များ၊ ဘာသာပေါင်းစုံ၊ တိုင်းရင်သားပေါင်းစုံတို့ ပိုမိုစည်းလုံးပြီးပါဝင်လာကြသည်ကို တွေ့ရပါသည်။ အားလုံး CDM ကို အားကောင်းအောင် ဆက်လက်လုပ်ဆောင်ကြရပါမည်။ ပြည်သူများယခုထက် ပိုမိုစည်းလုံးမှု၊ စည်းကမ်းရှိမှု၊ စနစ်တကျလုပ်ဆောင်နိုင်မှု၊ အချင်းချင်းဆက်သွယ်နိုင်မှု၊ အရေးပေါ် အစီအစဥ် သို့ plan B, plan C, back-up plan စသည်တို့ကို ပိုမိုအားကောင်းအောင် ပြုလုပ်နိုင်လျင် ပိုမိုထိရောက်မည်ဟု မြင်မိပါသည်။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြပါမည်။ စစ်တပ်လိုခြင်သော ထောင်ချောက်ထဲ မဝင်စေရန် သတိဝီရိယ ကြီးစွာထားရပါမည်။ ပြည်သူများအားလုံး ညီစေနော်။
အားလုံးကောင်းမွန်စွာအိပ်စက်နိုင်၍ ဘေးအန္တရာယ်ကင်းကြပါစေ။
Comentarios