top of page

The dilemmas of changing evaluation culture in Myanmar: a conversation with Pyae Phyo Maung

Tamas: MMEA နဲ့ပတ်သက်ပြီး လူအများစုက စိတ်ဝင်စားနေကြတာ တွေ့ရတယ်နော်။ ဘာလို့ လူတွေက အဲ့လိုအဖွဲ့မျိုး (MMEA) ရှိဖို့ အရေးကြီးတယ်လို့ထင်နေကြတာလဲ။

PP: မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းမှာလုပ်ကိုင်နေကြတဲ့ ပညာရှင်တွေ၊ စီမံချက်ဝန်ထမ်းတွေ၊ မန်နေဂျာတွေထဲက အများစုက M&E နဲ့ပတ်သက်ပြီး အားနည်းချက်တွေအနည်းနဲ့အများဆိုသလိုရှိကြတယ်ဆိုတာ ဒီနယ်ပယ်မှာကျင်လည်ကြတဲ့သူတွေ အားလုံးသိကြပြီးဖြစ်ပါတယ်။

အဓိကအားနည်းချက်တွေကတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို M&E လုပ်တဲ့နေရာမှာ M&E ရဲ့အရေးပါတဲ့ တန်ဖိုးတွေဖြစ်တဲ့ သင်ယူလေ့လာနိုင်မှု (Learning)၊ ရလာတဲ့ရလဒ်တွေ၊ အထောက်အထားတွေကိုသုံးပြီးတော့ မူဝါဒတွေပြောင်းလဲချမှတ်နိုင်အောင် လွှမ်းမိုးနိုင်မှု၊ လူထုအပေါ်မှာမှတ်ကျောက်တင်ခံနိုင်မှု၊ တာဝန်ခံနိုင်မှုပေါ့ဗျာ (Downward Accountability) စတာတွေကို ဦးစားပေးလုပ်ကိုင်တာထက် အလှူရှင်တွေစိတ်ကျေနပ်အောင် ရလဒ်ကောင်းတွေကိုသာ အဓိကဦးစားပေးအစီရင်ခံနေရတဲ့ Upward Accountability Culture အဖြစ်များနေတာကြောင့်ပါပဲ။ တနည်းအားဖြင့် M&E အလေ့အထ (M&E Culture) အားနည်းတယ်လို့လည်း ဆိုနိုင်ပါတယ်။

နောက်တစ်ချက်က နိုင်ငံတွင်း M&E လုပ်ငန်းတွေလုပ်ဆောင်နေကြတဲ့ပညာရှင်တွေအကြားမှာ ပညာရပ်ပိုင်းဆိုင်ရာ ဖလှယ်တာတွေ၊ လက်ရှိနိုင်ငံတကာမှာအသစ်အသစ်ပေါ်ထွက်နေတဲ့ နည်းပညာတွေ၊ ဒီဇိုင်းတွေအကြောင်း မျှဝေနိုင်မယ့်နေရာပေါ့၊ အဲ့ဒါမျိုးတွေ မရှိဘူးဖြစ်နေတယ်။ ဒါကြောင့်လည်း ပညာရှင်တွေကြားမှာ အရည်အသွေးကွာဟချက်တွေ တဖြည်းဖြည်းပိုပိုများလာတာ တွေ့လာရတယ်။

ပြီးတော့ လက်ရှိအစိုးရအပြောင်းအလဲမှာလည်း အစိုးရသစ်အနေနဲ့ ပိုမိုပွင့်လင်းမြင်သာမှုရှိဖို့အတွက် အစိုးရရဲ့ဖွဲ့စည်းပုံ၊ စနစ်တွေထဲမှာ M&E စနစ်၊ မူဝါဒ၊ မူဘောင်တွေ ထည့်သွင်းပေါင်းစပ်ဖို့လိုပါလိမ့်မယ်။

ဒီအချက်တွေကိုပြီးခဲ့တဲ့ တစ်ပတ်ကျော်က ကျင်းပခဲ့တဲ့ MMEA ရဲ့ကနဦးအစည်းအဝေးမှာ နယ်ပယ်အသီးသီးကတက်ရောက်ခဲ့တဲ့ ပညာရှင်တွေအားလုံးကလည်း အတည်ပြုဆွေးနွေးခဲ့ကြပါတယ်။

ဒီအခက်အခဲတွေကိုကျော်လွှားနိုင်ဖို့အတွက် M&E နဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့ပညာရှင်တွေ (ဒီအထဲမှာ M&E အချက်အလက်တွေကို အသုံးပြုတဲ့သူတွေရော၊ M&E ပညာရှင်တွေရောပါပါတယ်) ပါဝင်တဲ့ အဖွဲ့အစည်းတစ်ခု ရှိရင်ကောင်းမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ MMEA ဖွဲ့စည်းဖို့ဖြစ်လာတာပါ။ အစိုးရသစ်ရဲ့ M&E နဲ့ပတ်သက်တဲ့ စနစ်တွေ ဖော်ဆောင်ရာမှာလည်း MMEA ကပါဝင်ကူညီပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

Tamas: MMEA က တစ်ဖက်မှာက ပညာရှင်အဖွဲ့အစည်းဖြစ်နေမယ်။ အခြားတစ်ဖက်မှာကျတော့ M&E ဆိုတာ သင်ယူလေ့လာမှု အလေ့အထကိုဖန်တီးပံ့ပိုးပေးနေတာဖြစ်တဲ့အတွက်၊ အဲ့ဒါက သီးခြားဖြစ်နေတဲ့နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းဆိုတာထက် နေ့တဓူဝ လုပ်ဆောင်ရမယ့် အသိပညာပိုင်းဆိုင်ရာလည်းဖြစ်နေတယ်။ အဲ့ဒီတော့ အဲ့ဒီ့နှစ်မျိုးကို ဘယ်လိုထိန်းညှိမလဲ။

PP: ဟုတ်ပါတယ်၊ ဒါက အရေးကြီးတဲ့မေးခွန်းပါပဲ။ M&E ရဲ့အဓိကရည်ရွယ်ချက်တစ်ခုက သင်ယူလေ့လာမှု learning ပေါ့။ စောစောက ပြောသွားတဲ့ မူဝါဒထိန်းညှိတာတွေလည်းရှိပါသေးတယ်။ learning က M&E လုပ်ငန်းရဲ့ လုပ်ငန်းစဉ် (process) အနေနဲ့ပြောလို့ရသလို အလေ့အထတစ်ခု (culture) ဖြစ်လာမယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ရလဒ်အနေနဲ့ပြောလို့ရပါတယ်။

အဲ့ဒီတော့ M&E လုပ်ငန်းတွေလုပ်ဆောင်ရာမှာ သင်ယူလေ့လာတတ်တဲ့အလေ့အထတစ်ခုဖြစ်လာဖို့အတွက် ဦးတည်ပြီးသွားသင့်ပါတယ်။ ဒါမှသာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ရာမှာ စဉ်ဆက်မပြတ်သင်ယူလေ့လာတတ်တဲ့ အလေ့အထကို အခြေခံပြီး လုပ်သွားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် M&E နဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေ၊ အလေ့အထတွေနဲ့ပတ်သက်ပြီး မြှင့်တင်ဖို့ ကြိုးစားတဲ့နေရာမှာတော့ အားလုံးကိုတန်းတူထားလို့မဖြစ်နိုင်ပါဘူး။

ဥပမာ M&E ပညာရှင်တွေအတွက်ဆို M&E နဲ့ပတ်သက်တဲ့ နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်ကျွမ်းကျင်မှုတွေလိုအပ်ပေမယ့် M&E ရလဒ်တွေကိုအသုံးချမယ့်သူတွေအတွက်ကျပြန်တော့ ခက်ခဲရှုပ်ထွေးတဲ့နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေအစား သူတို့အနေနဲ့ M&E ကနေ ဘာတွေသိချင်သလဲ၊ ဘယ်လိုပညာရှင်တွေက သူတို့သိချင်တဲ့မေးခွန်းတွေအတွက် အဖြေပေးနိုင်မလဲ၊ ရလာတဲ့ရလဒ်တွေ၊ အချက်အလက်တွေကို ဘယ်လိုအသုံးချပြီး ပြောင်းလဲမှုတွေ လုပ်မလဲ ဆိုတာမျိုးကို သိဖို့ပိုလိုပါလိမ့်မယ်။

MMEA အစည်းအဝေးမှာ CSO အချို့လည်းပါဝင်တက်ရောက်ကြတယ်။ လူထုအတွက်ဆိုရင်တော့ အလွန်ရိုးစင်းတဲ့လူထုအခြေပြု အချက်အလက်ကောက်ယူနည်းတွေကို သိမယ်၊ ကောက်ထားတဲ့အချက်တွေကို ရိုးရိုးရှင်းရှင်းခွဲခြမ်းစိတ်ဖြာနိုင်မယ်ဆိုရင်၊ အဲ့ဒါတွေကို အသုံးပြုပြီး အစိုးရရဲ့ဝန်ဆောင်မှုအရည်အသွေးတွေကို အကြံပြုရာမှာ၊ ပြည်သူလူထုရဲ့ပြဿနာတွေတင်ပြတဲ့နေရာမှာ သက်သေ အထောက်အထားနဲ့စနစ်တကျပြောတတ်လာမှာမို့လို့ အကျိုးရှိနိုင်တယ်။

MMEA ဖွဲ့စည်းပုံမှာလည်း ဒီလိုမတူညီတဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ စိတ်ဝင်စားမှုတူရာအစုအဖွဲ့ငယ် (Interest Groups) တွေဖွဲ့ထားဖို့ စဉ်းစားထားပါတယ်။ ဥပမာ - Advocacy Group, Health Group, Community Capacity စသဖြင့်ပေါ့လေ။ အဲ့ဒီ့အဖွဲ့ငယ်တွေထဲမှာ စိတ်ဝင်စားမှုတူရာတူရာလူတွေစုပြီး ပူးပေါင်းသင်ယူကြမယ်၊ အခြားအဖွဲ့တွေနဲ့လည်း သင်ယူမှုတွေဖလှယ်ကြမယ်ဆိုရင်တော့ အကျိုးရှိမယ်လို့ထင်ပါတယ်။

Tamas: MMEA က မြန်မာနိုင်ငံက အဖွဲ့အစည်းဖြစ်ဖို့ရည်ရွယ်တယ်လို့ပြောခဲ့ဖူးတယ်နော်။ ဒါပေမယ့် နိုင်ငံတကာအဖွဲ့အစည်း အများစုကလည်း ဒါနဲ့ပတ်သက်ပြီး စိတ်ဝင်စားနေတာတွေ့ရတယ်။ ဒီတော့ အဲ့ဒီ့အဖွဲ့တွေရဲ့ပံ့ပိုးမှုတွေကို MMEA ကလက်ခံတဲ့နေရာမှာ သူတို့ရဲ့ ဝါးမြိုခံလိုက်ရတာမျိုးမဖြစ်အောင် ဘယ်လိုလုပ်ဆောင်သွားမလဲ။

PP: မှန်ပါတယ်၊ ဒီအချက်ဟာ စိတ်ပူစရာပါပဲ။ အခုမှစတင်ဖွဲ့စည်းကာစဖြစ်တဲ့ အဖွဲ့အစည်းအသစ်ဖြစ်တဲ့အတွက် MMEA ရဲ့ လိုအပ်ချက်တွေ၊ အရင်းအမြစ်တွေအတွက်တော့ ပံ့ပိုးမှုတွေက လိုအပ်နေမှာ အမှန်ပါပဲ။ ဒါပေမယ့် MMEA က မြန်မာနိုင်ငံအတွက် အဓိက ရည်ရွယ်ပြီးဖွဲ့ထားတာဖြစ်တယ်။ နိုင်ငံတွင်းက နယ်ပယ်အသီးသီးက စိတ်ဝင်စားသူမြန်မာလူမျိုးတွေ၊ ပညာရှင်တွေနဲ့ အဓိက ဖွဲ့စည်းသွားဖို့ရည်ရွယ်ထားပါတယ်။

အခုမေးသလို ဝါးမြိုမှုမျိုး၊ လွှမ်းမိုးမှုမျိုးမဖြစ်ရအောင် အရေးကြီးတာက အဖွဲ့ရဲ့ရည်မှန်းချက်လားရာ၊ နည်းဗျူဟာတွေ ရှင်းရှင်းလင်းလင်း ရှိဖို့လိုပါတယ်။ အဖွဲ့ရဲ့ ဦးဆောင်ကော်မတီအနေနဲ့လည်း အားကောင်းဖို့လိုပြီး ကိုယ်လိုချင်တဲ့ဦးတည်ချက်နဲ့ သွေဖယ်နေခြင်းရှိမရှိ၊ အခြားအဖွဲ့အစည်းတစ်ခုခုရဲ့ အလွန်အကျွံလွှမ်းမိုးနေခြင်းရှိမရှိ စိစစ်ထိန်းညှိနေဖို့တာဝန်ရှိပါတယ်။ အဖွဲ့ဝင်တွေရဲ့ ပိုင်ရှင်စိတ်ဓါတ် (local ownership) အားကောင်းလာမယ်ဆိုရင်တော့ ဒီပြဿနာကိုရင်ဆိုင်ဖြေရှင်းနိုင်ပါလိမ့်မယ်။

လတ်တလောမှာတော့ ဒါတွေနဲ့ပတ်သက်ပြီး အသေးစိတ်မဆွေးနွေးရသေးပါဘူး။ ရှေ့လာမယ့် ဦးဆောင်ကော်မတီအစည်းအဝေးတွေမှာ ဒါတွေကိုအသေးစိတ်ဆွေးနွေးပြီး ပုံဖော်သွားဖို့ရှိပါတယ်။

bottom of page