top of page

The Exit Interview


သင့်အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အကူအညီအထောက်အပံ့ပေးနေတဲ့ကဏ္ဍမှာ တစ်ခုခုပြောင်းလဲလို့ရနိုင်မယ်ဆိုရင် အဲ့ဒါဟာ ဘာဖြစ်မလဲ။

ပေတံနှစ်မျိုးသုံးတာ။

တစ်မျိုးက အများစုလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေပါတဲ့ တိကျတဲ့ပေတံ။

နောက်တစ်မျိုးက အလှူရှင်နဲ့သိလို့၊ ဌာနေကိုယ်စားလှယ်က အလှူရှင်တွေရဲ့နိုင်ငံကမို့လို့/ ဒါမှမဟုတ် အလှူရှင် ဘုတ်အဖွဲ့ဝင်မို့လို့ဆိုပြီး အတိုးအလျှော့လုပ်လို့ရတဲ့ပေတံမျိုး။

သင့် အနေနဲ့ အခုထွက်ခဲ့တဲ့အလုပ်နဲ့ပတ်သက်ပြီး အချိန်တွေသာပြန်ရမယ်ဆိုရင် ပြောင်းလဲလုပ်ချင်တဲ့တာများ ရှိလား။

ကျွန်မက မေးခွန်းကိုတည့်တည့်မဖြေဘဲ လျှောက်ပြောနေမိရင် ကြိုတောင်းပန်ထားပါရစေ။

ကျွန်မ အချိန်တွေသာပြန်ရမယ်ဆိုရင် အခုနောက်ဆုံးထွက်ခဲ့တဲ့အလုပ်မှာ ထွက်ခဲ့တဲ့ရာထူးထက်ပိုကြီးတဲ့ ရာထူးကိုရချင်တယ်။ တစ်ဖွဲ့လုံးရဲ့ အရိုးစွဲနေတဲ့ဓလေ့စရိုက်တွေကို တဖြည်းဖြည်းနဲ့ပြင်ပေးချင်တယ်။ ဖွံ့ဖြိုးရေး ဆိုတာ ဘာမှမသိဘဲနဲ့ အင်္ဂလိပ်လိုကောင်းကောင်းပြောတတ်ရုံနဲ့ ရာထူးကြီးကြီးရပြီး ထင်ရာမြင်ရာလုပ်တတ်တဲ့ လုပ်ဖော်ကိုင်ဖက်တချို့အတွက်လည်း ဖွံ့ဖြိုးရေးသင်တန်းလေးတွေကို ကွင်းထဲဆင်းပြီးလက်တွေ့၊ စာတွေ့ပေးချင်တယ်။ သူတို့ပြောပြောနေတဲ့ မဖြစ်နိုင်ဘူး၊ သွားမလုပ်နဲ့ဆိုတာတွေဟာ ဖြစ်နိုင်တယ်ဆိုတာကို သူတို့နဲ့ပဲ အတူ လက်တွဲပြီးလုပ်ပြချင်ပါတယ်။

ဘာလို့လဲဆိုတော့ အခုလက်ရှိအခြေအနေဟာ လူအင်အား၊ ငွေအင်အားတွေသုံးသလောက် အရာမရောက်ဘူးလို့ ထင်လို့ပါ။ အရမ်းတင်းကျပ်လွန်းတဲ့ အလှူရှင်တွေရဲ့ဘောင်တွေဟာ ဝန်ထမ်းတွေရဲ့ တီထွင်တွေးခေါ်နိုင်စွမ်း၊ အားတက်သရော လုပ်ဆောင်နိုင်စွမ်း တွေကို ကျဆင်းစေပါတယ်။

ကျွန်မတို့ ဖွံ့ဖြိုးရေးကဏ္ဍတွေမှာ ပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိပါတယ်။ မိမိ သဘောမတူကြောင်း ပြသနိုင်တယ်၊ ငြင်းပယ်နိုင်တယ်လို့ လူတိုင်းသဘောတူထားတယ် (agree to disagree)။ ဆိုပါစို့၊ ကျွန်မက အစည်းအဝေး တစ်ခုရှိလို့ နေပြည်တော်ကိုသွားတယ်။ ဒါပေမယ့် အထက်အရာရှိက ညနေရန်ကုန်ရုံးချုပ်က အစည်းအဝေးမှာ မင်းပါရင်ကောင်းမယ်လို့ပြောလိုက်တာနဲ့ပဲ ကျွန်မက ရန်ကုန်ကို ရရာ ကား/ရထား/လေယာဉ်ဘီးဖက်ပြီး ပြန်လာစရာ မလိုဘူးလို့ထင်ပါတယ်။ ဘယ်လောက်အတိုင်းအတာအထိ အရေးကြီးတဲ့အစည်းအဝေးလဲ၊ ကျွန်မရဲ့ အခန်းကဏ္ဍက ဘာလဲဆိုတာတော့ ကျွန်မသိခွင့်ရှိရပါမယ်။ အဲ့လို သိခွင့်ရှိအောင်လုပ်တဲ့သူ၊ ပြန်ပြော၊ ပြန်မေးတဲ့သူကို ဂြိုလ်သားလိုလိုထင်မြင်ကြပြီး အထက်ကပြောရင်အကုန် ‘ဟုတ်ကဲ့’ ဖြစ်နေတဲ့ ဓလေ့စရိုက်တွေကိုတော့ ကျွန်မပြောင်းလဲချင်မိပါတယ်။

bottom of page