top of page

Large scale agriculture, deforestation and land grabbing

အကြီးစားစိုက်ပျိုးရေးလုပ်ငန်းများ၊သစ်တောပြုန်းတီးမှုနှင့်မြေယာပဋိပက္ခများ

ရေးသူ - ငြိမ်းဇာနည်နိုင်

မကြာသေးခင်ကပဲ ”စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်းများ၊သစ်တောပြုန်းတီးမှုနှင့်မြေယာပဋိပက္ခများ” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ခုတက်ခဲ့ပါတယ်။ FOREST TRENDS အဖွဲ့ရဲ့အစီရင်ခံစာတင်ပြချက်နဲ့အတူ အဓိကဆွေးနွေးကြတာကတော့ တာဝန်ယူမှုမရှိတဲ့ အကြီးစားစိုက်ပျိုးရေးလုပ်ငန်းများရဲ့ သက်ရောက်မှုများ၊ သင်ခန်းစာများနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် စိန်ခေါ်မှုများဖြစ်ပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်များမှာ “စိုက်ပျိုးရေးကိုအခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး” ဆိုတဲ့ကြွေးကြော်သံနဲ့အတူ စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်ရေးကို အစိုးကတွန်းအားပေးလုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများကို အကြီးစားမြေယာလုပ်ပိုင်ခွင့်တွေ အများအပြား ပေးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ထိ တရားဝင်စာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဧကပေါင်း ၅ သန်းကျော်ကို အကြီးစားစိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ဖို့ ချထားပေးခဲ့တယ်လို့ Forest Trends ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စိတ်ဝင်စားစရာကောင်းတာက အဲဒီ့ဧက စုစုပေါင်းအနက်က ၂၃% ပဲစိုက်ပျိုးခဲ့တယ်လို့ ဆိုပါတယ်။ ဒါဆိုရင် ကျန်တဲ့ ၇၇% က ဘယ်ရောက်သွားလဲ၊ ဘာတွေလုပ်လိုက်သလဲ၊ အဲဒီအတွက် ဥပဒေကြောင်းအရ တာဝန်ယူတာဝန်ခံမှု ဘယ်လိုလုပ်မလဲ? မေးစရာမေးခွန်းတွေအများအပြားရှိလာပါတယ်။

စက်မှုကုန်ကြမ်းသီးနှံတွေဖြစ်တဲ့ ရာဘာ၊ ဆီအုန်းနဲ့ ဇီဝလောင်စာကုန်ကြမ်းသီးနှံ ဖြစ်တဲ့ ပီလောပီနံ၊ကြံတို့ စိုက်ပျိုးဖို့အကြောင်းပြချက်နဲ့ ကုမ္ပဏီတွေက သစ်ခုတ်လဲထုတ်လုပ်ခြင်းတွေအများအပြားပြုလုပ်ခဲ့ကြပါတယ်။ အဲဒီကနေ ထွက်လာတဲ့ အရည်အသွေးမြင့် အဖိုးတန်သစ်မာ (conversion timber) တန်ပေါင်းများစွာ စာရင်းအင်းရှာမတွေ့ကြောင်း အစီရင်ခံစာမှာထောက်ပြထားပါတယ်။ အထူးသဖြင့် တနဿင်္ာရီတိုင်းမှာ ဆီအုန်းလုပ်ပိုင်ခွင့်ရတဲ့ ကုမ္ပဏီတော်တော်များများဆိုရင် လုံးဝစိုက်ပျိုးခြင်းမရှိပဲ သစ်ခုတ်လဲခြင်းတွေကိုတော့ တွင်တွင်လုပ်ဆောင်ထားပြီးကြောင်း ကွင်းဆင်းလေ့လာမှုတွေကို အခြေခံပြီးတင်ပြထားပါတယ်။

အဆိုးရွားဆုံးကတော့ အဲလိုချထားပေးခဲ့ရာမှာ အစဉ်အဆက်ကထိန်းသိမ်းထားတဲ့ အဖိုးတန်သစ်တောတွေနဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းမြေယာတွေ အများအပြားဆုံးရှုံးခဲ့ရပါတယ်။ ဆွေးနွေးပွဲကိုလာတက်ရောက်တဲ့ ဒေသခံတိုင်းရင်းသူတစ်ယောက်က “ကျွန်မတို့ ဓလေ့ထုံးတမ်းစနစ်ဖြစ်တဲ့ ရွှေ့ပြောင်းတောင်ယာစနစ်ကို အစဉ်အဆက်အစိုးရများက သစ်တောပြုန်းတီးတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ပါဘူး။ ကျွန်မတို့သစ်ခုတ်လဲတယ်ဆိုတာ စိုက်ပျိုးရုံ တနိုင်တပိုင် ဧကအနည်းငယ်ပဲဖြစ်ပါတယ်။ ဒီလိုကုမ္ပဏီကြီးတွေ အကြီးစားခုတ်လဲစားဖို့တော့ တရားဝင်ခွင့်ပြုထားတာ အံ့သြစရာပါပဲ” လို့ပြောပါတယ်။

ခြုံငုံပြီးကြည့်ရင်တော့ ယခင်က မူဝါဒအမှားတွေ၊ ဥပဒေအားနည်းမှုတွေနဲ့ တာဝန်ယူမှုမရှိတဲ့စီးပွားရေးလုပ်ဆောင်မှုတွေကြောင့် သစ်တောပြုန်းတီးမှုနဲ့သဘာဝပျက်စီးမှုတို့နဲ့အတူ ဒေသခံတိုင်းရင်းသားပြည်သူများစွာ ထိခိုက်နစ်နာမှုတွေ လက်ရှိခံစားနေရပါတယ်။ ဒီကနေ့ နိုင်ငံအနေနဲ့ပွင့်လင်းလာပြီး စီးပွားရေးအပြောင်းအလဲတစ်ခုကို ကြီးကြီးမားမားလုပ်ဆောင်ဖို့ စတင်နေချိန်ဖြစ်ပါတယ်။ အဲလိုဆောင်ရွက်တဲ့နေရာမှာ စီးပွားရေးဖွံ့ဖြိုးမှုတစ်ခုတည်းမဟုတ်ဘဲ အတိတ်ကနစ်နာမှုတွေ၊ မတရားမှုတွေအတွက် အစိုးရသစ်အနေနဲ့ ပြန်ကုစားပေးနိုင်မယ့် အစီအစဉ်တွေတစ်ပါတည်းချမှတ်ဆောင်ရွက်ဖို့လိုမှာဖြစ်ပါတယ်။ စက်မှုလယ်ယာအခြေခံ အကြီးစားစိုက်ပျိုးရေး ပေါ်လစီရဲ့ သင်ခန်းစာတွေယူပြီး ဟန်ချက်ညီတဲ့စိုက်ပျိုးရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆောင်ရွက်ဖို့အရေးကြီးပါတယ်။ ရာသီဥတုပြောင်းလဲမှုနဲ့သဘာဝဘေးအန္တရာယ်တွေခံနိုင်ဖို့ သစ်ပင်၊ သစ်တောတွေကို ထိန်းသိမ်းရမှာပါ၊ တရားမ၀င်သစ်ထုတ်လုပ်ရောင်းချမှုတွေကို စည်းကျပ်မှုတွေနဲ့အတူ ဘက်စုံလွှမ်းခြုံတဲ့သယံဇာတစီမံခန့်ခွဲ (Integrated Natural Resource Management) ဆောင်ရွက်ဖို့လိုမှာဖြစ်ပါတယ်။ ဒါတွေကို စနစ်တကျဆောင်ရွက်နိုင်မှုမရှိရင်တော့ မြန်မာ့ပွင့်လင်းလာမှုဟာ ရေရှည်တည်တံ့တဲ့ အသွင်ဆောင်ဖို့ ခက်ခဲမှာအသေအချာပါပဲ။

bottom of page