top of page

Has the military killed democracy in Myanmar?

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တကယ်ပဲ ပျက်သုန်းသွားတာလား/ စစ်တပ်က တကယ်ပဲ ဒီမိုကရေစီကို သတ်လိုက်နိုင်ပြီးလား

by Thinzar Myo Aung


စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပြည်သူတွေက ဒီမိုကရေစီဆိုတဲ့ အနှစ်သာရ နဲ့ အဓိပ္ပါယ်ကို ပြည့်ပြည့်၀၀နားလည်နေတယ်ဆိုတာကို ပြသနေပါတော့တယ်။ ဒီမိုကရေစီကို ဖွဲ့ဆိုကြတဲ့အခါ မြန်မာနိုင်ငံက အများစု ကျွန်မအပါအ၀င် ဒီမိုကရေစီလို့ပြောလိုက်ရင် NLD အုပ်ချုပ်တဲ့ အစိုးရ ဒါမဟုတ်လည်း ဒေါ်အောင်ဆန်းစုကြည်ဦးစီးတဲ့ အစိုးရတစ်ရပ်ပေါ်လာဖို့ဆိုပြီ ပြောဆိုကြပါတယ်။ သိခဲ့ရတဲ့ ဒီမိုကရေစီဆိုတဲ့ ဘောင်ကလည်း ကျဥ်းခဲ့တဲ့ အပြင် စစ်တပ် ကြီးဆိုးတဲ့ ရပ်၀န်း အာဏာရှင်ဆန်ဆန် လုပ်ရပ်တွေနဲ့ပဲ ကြီးပြင်းခဲ့ရတော့ ဒီမိုကရေစီရဲ့ အနှစ်သာရ အစစ်အမှန်ကို နားလည်မှု အားနည်းစေခဲ့တယ်။


ဒီလိုမျိုး တွေက နေ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ ပုဂ္ဂိုလ်စွဲ နိုင်ငံရေးတွေ၊ ပဋိပက္ခ တွေအကြောင်းကို အကျယ်တ၀င့် မျက်၀ါးထင်ထင် တွေ့မြင်လာခဲ့ရတယ်။ မတရားမှုကြီးဆိုတာကို မြင်တွေ့ရတယ်။ အာဏာဟာ အရာရာပါလိုဆိုနိုင်ပေမယ် ပြည်သူတွေရဲ့ စိတ်ခွန်အားကလည်း အာဏာရှင်တွေကို ခြောက်ခြားစေတာ သိသာလာခဲ့တယ်။ ဒီအချိန်မှာ ကျွန်မတို့တွေ ဒီမိုကရေစီ ဆိုတာကို နက်နက်နဲနဲ နားလည်လာခဲ့တယ်။



ဒါမဲ့ ဒီမိုကရေစီဟာ ဘာကို ဆိုလိုတာလဲဆိုတာ Tamas Wells ရဲ့ ဒီမိုကရေစီကို ပုံဖော်ခြင်း စာတမ်းထဲကနေ ကိုးကားချင်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဆိုတာ ဘုံသဘောတူဖို့ ခက်ခဲတယ်။ ပါတီတစ်ခုက ဖြစ်စေ၊ စစ်တပ်ကဖြစ်စေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကဖြစ်စေ မတူညီစွာ သတ်မှတ်ကြပါတယ်။ ဒီမိုကရေစီဟာ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်မှု ထက် စည်းကမ်းရှိတဲ့ ဒီမိုကရေစီသာ ဖြစ်သင့်တယ်ဆိုပြီး စစ်တပ်က သူတို့ လိုချင်တဲ့ပုံစံကို အသက်သွင်းတယ်။ အာဏာသိမ်းပြီး ၂၀၂၁ မှာတော့ ဒီမိုကရေစီဆိုတာ ပြည်သူကဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့ အာဏာရှင်မဆန်တဲ့ သင်္ကေတ ကိုရည်ညွန်းသင့်တယ်လို့ လက်ခံလာကြပါတယ်။ ဥပမာ စစ်တပ်၀န်းထဲနေ စစ်တပ်အယူအဆတွေကို လွှမ်းမိုးခံထားရတဲ့ ရပ်၀န်းကလူတွေက ဒီတော်လှန်ရေးမှာ ပါ၀င်လာကြတာမျိုးပါ။



ကိန်းဂဏန်းအရ သေးငယ်ပေမယ် ဒါတွေကလည်း ဒီမိုကရေစီဆိုတဲ့ အပ္ပါယ်ကို အမြင်မှန်ရတဲ့သူတွေရှိတဲ့ မှိန်ပေမယ့် လင်းစေတဲ့ အလင်းရောင်ပါ။ ဒီလို ဆန့်ကျင်မှုတွေက ချက်ချင်းကြီး ဖြစ်လာခဲ့တာတော့ မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ်တုန်းက ရိုဟင်ဂျာ အစုအလိုက်အပြုံလိုက်သတ်ခံရမှုမှာ စစ်တပ်ရဲ့ လူမဆန်မှုနဲ့ လူနည်းစုအပေါ် ညှင်းပန်းနှိပ်စက်မှုကို ဖော်ထုတ်ခဲ့တဲ့ တရားမျှတမှုကိုရှေးတန်းတင်ခဲ့တဲ့ ရဲမှုး မိုးရန်နိုင် ရဲ့ ရဲရင့်မှုဟာ အရွေ့အကြီးကြီး တစ်ခုပါ။ အခုလည်းပဲ ဒီတော်လှန်ရေးက အစပြုပြီ ပါ၀င်လာမှုတွေကို ကြိုဆိုပြီ လက်နက်ဟာ အာဏာမဟုတ်သလို အာဏာရှင်တွေကို ကာကွယ်ဖို့ မဟုတ်ဘူးဆိုတာ ဆက်လက်တိုက်တွန်းဖို့ဟာလည်း အရေးကြီးပါတယ်။



ဒီတော်လှန်ရေးက လူသားဆန်မှုတွေ လူအခွင့်အရေးတွေနဲ့ ၀ေးကွာနေခဲ့တဲ့ အဖွဲ့အစည်းကို ပါ၀င်လာဖို့ တွန်းအားပေးနိုင်ခဲ့မှုတွေနဲ့အတူ တဖြည်းဖြည်းနဲ့ ယခင်ရှိနေခဲ့တဲ့ စစ်တပ် စနစ်တွေ သမာရိုးကျ ယန္တရား တွေကိုလည်း ယိုင်နဲလာစေပါတယ်။ စနစ် တွေ အကြောင်း အကျဥ်းချုပ်လေး တင်ပြရရင် ဆရာမ မသီတာ(စမ်းချောင်း) ရေးသားခဲ့တဲ့ စာအုပ်ထဲကလို အံသြဖွယ် ဝင်္ကဘာ လို့ တင်စားပါရစေ။ ၁၉၈၈ ကစလို့ ဖျက်ဆီးခဲ့တဲ့ စနစ်တွေအကြား ခေတ်ဆက်ဆက် အစိုးရတွေက ပြင်လို့ရတာတွေကို ပြင်ရင် ရှေ့ဆက်ကြတဲ့အခါ အလုံးစုံကို မပြောင်းလဲနိုင်ဘဲ အပေါ်ယံလောက်သာ ပြုပြင်ခဲ့ကြပါတယ်။ အမျိုးသားရေး၀ါဒီတွေ နှစ်မြှပ်ထား တဲ့ လူ၀င်မှုကြီးကြပ်ရေး စနစ်ကလည်း အကျဥ်းတန်စွာ လူ့အခွင့်အရေးတွေချိုးဖောက် မူ၀ါဒတွေနဲ့တည်ဆောက်ထားတာပါ။


ကိုယ်တွေ့ ဥပမာ တစ်ခုကတော့ ကျွန်မလို သွေးနှော (ဗမာစစ်စစ်မဟုတ်သူ၊ ဗုဒ္ဓဘာသာ မဟုတ်သူ) တွေအတွက် ပြည်သူအဖြစ် အသိအမှတ်ပြုခံရမှုဟာ သက်တောင့်သက်သာမဟုတ်ပါ။ အခြေခံကျတဲ့ ပြည်သူအခွင့်အရေးဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အသက်မွေးလမ်းကြောင်း လုပ်ငန်းစဥ်တွေကို စစ်တပ်လက်အောက်ခံ အဖွဲ့ General Administration Department (GAD) က တင်းကြပ်ထားတဲ့အတွက် နိုင်ငံသားစီစစ်ရေးကဒ်ပြားကိုလည်း အဆင့်ဆင့်ကျော်ဖြတ်ပြီးမှ သာ ရခဲ့တာပါ။ ဘယ်လိုလို အစိုးရတက်တက် စစ်တပ်က သူရဲ့ အမျိုးသားရေး၀ါဒ ဆက်လက်ရှင်သန်နေအောင် စနစ်တကျ အမြစ်တွယ်ထားစေပါတယ်။ ဒါပေမယ်လည်း အများစု သက်တောင့်သက်သာဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းဖြစ်နေတော့ လူနည်းစုတွေရဲ့အသံတွေဟာ စိတ်မကောင်းစွာ လစ်လျူရှုခဲ့ကြတာတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် အချို့အတွက်တော့ ဒီစနစ်တွေဟာ အစောတည်းက မတရားသဖြင့်တည်ဆောက်ခဲ့တဲ့အတွက် အသစ်က ပြန်စဖို့ တော်လှန်ရေးကအခွင့်အရေးပေးတယ်လို့ သတ်မှတ်ကြပါတယ်။



အခြားတစ်ဖက်မှာလည်း တော်လှန်ရေးကာလတွင်း ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကလည်း အစိုးရတစ်ရပ်ဆိုတာ တာ၀န်ယူမှု တာ၀န်ခံမှုရှိရမယ် ပွင့်လင်းမြင်သာရမယ် ဆိုတဲ့ အချက်တွေကို အခြေပြုပြီး သုံးသပ်အကြံပြုလာကြပါတယ်။ တစ်ဖက်မှာလည်း ပြည်သူတွေရဲ့ အားနဲ့သာ ရှေ့ဆက်နေရတဲ့ အစိုးရတစ်ရပ်ဖြစ်တာကြောင့် ပြည်သူ့အာဏာ ကို လက်ခံလာတဲ့ အစိုးရတစ်ရပ်ဖြစ်အောင် ကြိုးစားနေမှုတွေကို တွေ့ရပါတယ်။ ပြည်သူအရေးကို ရှေးရှူလာကြပါတယ်။ ပြည်သူ့အာဏာဆိုတာကို သိမြင်လာကြလို့ပါ။ တိုက်ပွဲမှာ ပါ၀င်နေကြတဲ့သူအများစုက ပြည်သူတွေပါ။ ငွေကြေးအင်အား ဖြည့်စည်းနေတာဟာလည်း ပြည်သူတွေပါ။ ပါ၀င်ပုံခြင်းကွဲပြားနေသည့်တိုင် ပေးဆပ်ပုံခြင်းကွာဟနေသည့်တိုင် တော်လှန်ရေးရဲ့ အသက်က ပြည်သူ၌ တည်နေတာပါ။ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအဖွဲ့အစည်းတိုင်းက ပြည်သူဘက်က ရပ်တည်ပြီ မတရားမှုကို တိုက်ထုတ်ဖို့အတွက် အဆင့်သင့် မရှိနေတော့တဲ့ စနစ်တွေကို ပြန်တည်ဆောက်ရတဲ့အခါ ပြည်သူတွေပေးအပ်ထားတဲ့ အခွင့်အာဏာနဲ့ ရှေ့ဆက်ရတာကို အသိမှတ်ပြုနိုင်ကြပါစေ။



အဆုံးသတ်ရရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီဟာ အသက်ရှုကြပ်နေပေမယ်လည်း ဆက်လက်ရှင်သန်နေဆဲပါ။ ဒီလိုအဖြစ်အပျက်တွေကို အစွဲပြုရင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသစ်ကို ဦးတည်နေသလားလို့ ရေးသားထားတဲ့ “Conflict in Myanmar Paves the Way for a New Way of Democracy” ဆောင်းပါးထဲက ကိုးကားချင်ပါတယ်။ ၂၀၂၁ နောက်ပိုင်းမှာ နိုင်ငံရေးအခင်းအကျင်းက သိသိသာသာပြောင်းလဲလာခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပယ်ချပြီး အာဏာရှင်ဆန်သော မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်အလွန်ကို စိတ်ကူးပုံဖော်ဖို့ အလားအလာသစ်တွေ ဖွင့်လှစ်ပေးခဲ့ပါတယ်။ အရေးကြီးဆုံးက နယ်စပ်ဒေသမှာရှိကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေ နှစ်ရှည်လ မကျေနပ်ချက်တွေကို ယခုအခါ ဗမာလူများစုဝင်တွေက ပိုမိုကျယ်ပြန့်စွာ နားလည်လာကြပြီး အများစုမှာ မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုတွေကို ယခုအခါ ဗာမာအများစုရှိတဲ့နယ်မြေ လူမှုအသိုင်းအဝိုင်းတွေကလည်း ကြုံတွေ့နေရတာကြောင့် ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ် နယ်မြေတွေမှာ စစ်တပ်ရဲ့ စနစ်ဆိုးတွေ ပြိုလဲသွားတဲ့အတွက် အသစ်တည်ဆောက်ထားတဲ့ ဒေသန္တရ အုပ်ချုပ်ရေး အစီအစဉ်သစ် အများအပြားဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး နဲ့ တော်လှန်ရေး အဖွဲ့ အစည်း တွေအကြား နားလည်မှု၊ ယုံကြည်မှုတွေနဲ့ တန်းတူအခွင့်အရေးရှိရေး သာတူညီမျှရေး ဆိုတာတွေကို ဦးတည် ပြုပြင်ပြောင်းလဲလျက်ရှနေပါတယ်။


ကျွန်မတော့ ဒီမိုကရေစီဟာ မြန်မာနိုင်ငံမှာ အဆုံးသတ်သွားတာ မဟုတ်ပါဘူးလို့ ယုံကြည်နေတယ်။ ခေတ်အဆက်ဆက် စစ်တပ်ရဲ့ စနစ်ဆိုးတွေကြား သံသရာလည်နေတဲ့ နိုင်ငံရေး ဝင်္ကဘာ တံတိုင်းတွေကို တော်လှန်ရေးက ဖြိုနေပါပြီ။ မတူညီမှုတွေအကြား တိုက်ယူထားခဲ့တဲ့ စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီ ဟာ မြန်မာနိုင်ငံမှာ ထာ၀ရ အဓွန့်ရှည်နေမှာပါ။


အာဏာရှင်စနစ်အမြန်ဆုံးကျဆုံးပါစေ။ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။




Comments


bottom of page