top of page

After the coup

မတရားစစ်အာဏာသိမ်းမှု နှင့် တရားစွာဆန္ဒဖော်ထုတ်နေသောပြည်သူလူထု

ဖေဖော်ဝါရီ၊ ၁၂


နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အကွ NLD အဖွဲ့ဝင်များကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော တပ်မတော်က နေအိမ်အကျယ်ချုပ်နှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ထိန်းသိမ်းလိုက်သည်မှာ ယနေ့ဆိုလျင် ၁၂ ရက်ရှိခဲ့ ပြီဖြစ်ပါသည်။ ယင်းသို့ စစ်တပ်က အာဏာသိမ်းသည်မှာ ရွေးကောက်ပွဲရလဒ်များ စတင်အသက်ဝင်မည့် လွှတ်တော် အစည်းအဝေး စတင်ရန် စီစဉ်ချိန်တွင် အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။​ ယင်းအာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာပင် အင်တာနက်လိုင်းများ နှင့် လူမှုကွန်ယက်စာမျာက်နှာများကို စစ်တပ်မှ ဖြတ်တောက်ပိတ်ပင်ထားမှုများကို လည်း လုပ်ဆောင်ခဲ့ပါသည်။ စစ်တပ်၏အာဏာသိမ်းသည့် အချိန်သည် မြန်မာနိုင်ငံ ပြည်သူလူထုများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ကဏ္ဍများ ပြည်လည်ဦးမော့လာစေရန် ကျိုးစားဆောင်ရွက်မှုများအပေါ်လည်း များစွာထိခိုက်နစ်နာခဲ့ရပါသည်။ ထို့ကြောင့် ပြည်သူလူထုတစ်ရပ်လုံး၏ မျှော်လင့်ချက်များကို ရိုက်ချိုးလိုက်သည်ဟု ဆိုလျှင်လည်း မမှားနိုင်ပါ။

ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် နိုင်ငံတစ်ဝှမ်း အရေးပေါ်အခြေအနေကို ကြေညာ၍ စစ်တပ်က အာဏာသိမ်းခဲ့ပါသည်။ တပ်မတော်၏ အဓမ္မ အာဏာသိမ်းမှုသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်၍ လူမဆန်စွာ အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စစ်တပ်၏ မတရား အာဏာသိမ်းမှုကို ပြည်သူများအပြင် နိုင်ငံတကာမှလည်း လက်မခံပါ။ စစ်တပ်၏ မတရားအာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းပြသသည့် အနေဖြင့် ပြည်သူများက ညစဥ် ၈ နာရီတိုင်းတွင် သံပုံး၊ ဒန်အိုးများတီးခြင်းဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။ သံပုံး၊ ဒန်အိုးများကို တီးလျက် စစ်တပ်ကိုအလိုမရှိကြောင်းကို “ကမ္ဘာမကြေဘူး” သီချင်း နှင့် အတူကြွေးကြော်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရာတွင် လူငယ်၊ လူကြီး၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အို၊ သံဃာတော်များပါမကျန် ပါဝင်လာကြပြီဖြစ်ပါသည်။ ယင်းကဲ့သို့ သံပုံး၊ ဒန်အိုးများကို တီးပြီး ဆန္ဒဖော်ထုတ်ခဲ့သည့် ဓလေ့သည် တစ်ပြည်လုံးသို့ပြန့်ကာ ယခုဆိုလျှင် ကမ္ဘာကပါ သိရှိနေပြီဖြစ်ပါသည်။ ထောင်သောင်းမက များစွာသော ပြည်သူလူထုများသည် စစ်တပ်အာဏာသိမ်းသည်ကို လက်မခံနိုင်၍ ညစဥ် သံပုံးတီးခြင်းအားဖြင့် ဆန့်ကျင်သကဲ့သို့၊ နိုင်ငံ့ဝန်ထမ်း ဆရာဝန်များမှစတင်၍ အများပြည်သူများနှင့် အတူ စစ်တပ်အာဏာဖီဆန်ရေးလှုပ်ရှားမှု၊ စစ်တပ်၏မတရားဖိနှိပ်ချုပ်ချယ်သောအမိန့်များကို ငြင်းဆိုသော Civil Disobedience Movement (CDM) လူထုလှုပ်ရှားမှုများ ဖြင့် မိမိတို့၏သဘောထားများကို မကြောက်မရွှံ့ လမ်းမပေါ်ထွက်ကာ ငြိမ်းချမ်းသောနည်းများဖြင့် ဆန္ဒပြ ကန့်ကွက်လုပ်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လျက် ရှိပါသည်။


ဆရာဝန်များ နှင့် ဆေးဖက်ဆိုင်ရာဝန်ထမ်းများ မှ စစ်အာဏာရှင် အမိန့်များကို မလိုက်နာနိုင်ကြောင်းဖြင့် စတင်ခဲ့သော CDM လှုပ်ရှားမှုသည်ယခုအခါ အင်ဂျင်နီယာများ၊ ဘဏ်ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မီးသတ် နှင့် ရဲဝန်ထမ်းများ၊ အစရှိသော ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ဝန်ထမ်းများပါ ပါဝင်လာကြသည့်အပြင် အထွေထွေအုပ်ချုပ်ရေးဘက်မှ အချို့သောဝန်ထမ်းများပါ ပြည်သူများနှင့်အတူ ပူးပေါင်းပါဝင်လာကြပြီဖြစ်ပါသည်။ ပူးပေါင်းဆောင်ရွက်မှုမပြုရသေးသော ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း CDM တွင် ပါဝင်လာစေရန်မေတ္တာရပ်ခံလျက်ရှိပါသည်။


သန်းပေါင်းများစွာသောပြည်သူများမှာ မိမိတို့၏ ဆန္ဒများကို ရဲဝံ့စွာ ထုတ်ဖော်လျက် “စစ်အာဏာရှင် အလိုမရှိ”၊ “အမေစု ကျန်းမာပါစေ” အစရှိသည့် ကြွေးကြော်သံများ နှင့် အတူ ပိုစတာများကို ကိုင်ဆောင်ပြီး၊ အများစုမှာ အနီရောင်ဝတ်စုံများကို ဝတ်ဆင်လျက် နိုင်ငံတဝန်းလုံးတွင် ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ဆန္ဒများကို ဖော်ထုတ် ပြသလျက်ရှိပါသည်။ ပြည်သူပြည်သားများ နှင့် တိုင်းရင်းသားများ စည်းစည်းလုံးလုံး၊ စည်းစနစ်ရှိစွာဖြင့် ဆန္ဒများကို ရဲဝံ့စွာ ထုတ်ဖော်လျက်ပြသသည် မှာ အလွန်ပင် ဝမ်းသာပီတိဖြစ်ရပါသည်။ စစ်အစိုးရ၏လုပ်ရပ်အပေါ် ဆန္ဒဖော်ထုတ် ပြသသည်မှာ ယခုအချိန်ထိဆိုလျင် မြန်မာနိုင်ငံရှိ မြို့နယ် သုံးပုံ နှစ်ပုံကျော် အတိုင်းအတာအထိ လွှမ်းခြုံနေပြီဖြစ်ပါသည်။ ပြည်သူလူထုတရပ်လုံး CDM ကို တစ်နိုင်ငံလုံးအတိုင်းအတာြဖင့် လုပ်ဆောင်နိုင်လျင် အားလုံးလိုချင်သော စစ်အာဏာရှင်စနစ် မုချကျဆုံးရန်မှာ မဝေးတော့ပြီဖြစ်ပါသည်။ ပြည်သူအားလုံး တက်ညီလက်ညီ၊ စည်းလုံးစွာြဖင့် ဒီမိုကရေစီတိုက်ပွဲ ကို ဆက်လက်ချီတက်လျက်ရှိပါသည်။ ပြည်သူများ ဆန္ဒဖော်ထုတ် အဓိက တောင်းဆိုရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားထိန်းသိမ်းထားသူများအား ချက်ခြင်းလွတ်ပေးရေး၊ မိမိတို့အသိအမှတ်ပြုသော နိုင်ငံတော်သမ္မတမှာ ဦးဝင်းမြင့်ဖြစ်ပြီး၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး နှင့် ဒီမိုကရေစီ ရရှိရေးတို့ မှာ အဓိကကျသော တောင်းဆိုမှုများဖြစ်ပါသည်။


ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တကွ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ အစိုးရအဖွဲ့ဝင်များ နှင့် ထိပ်ပိုင်းခေါင်းဆောင်များ ကို စစ်တပ်က အဓမ္မဖမ်းဆီးပြီး နိုင်ငံကို အရေးပေါ် အခြေအနေကြေငြာ ထားခြင်းအပေါ် အလွန်စိုးရိမ်ပူပန်ကြောင်းကို လည်း ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ လုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ထိန်းသိမ်းထားသော သူများအား ချက်ခြင်းလွတ်ပေးရန်ကိုလည်း ဖော်ပြထားပါသည်။ သို့သော်လည်း သတင်းများအရ စစ်တပ်က ဥပဒေမဲ့ မတရား ဖမ်းဆီးထားသည်မှာ ၁၇၀ ကျော်ရှိပြီဖြစ်ပါသည်။ ယင်းအပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံစီးပွားရေး အကြံပေးဖြစ်သူ သြစတြေးလျနိုင်ငံသားဖြစ်သည့် Sean Turnell ကိုလည်း စစ်တပ်မှ ဖမ်းဆီးထိန်းသိမ်းထားပါသေးသည်။


စစ်အာဏာရှင်သည် ၎င်းတို့အာဏာ တည်မြဲရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ပြည်သူလူထုများကို ဖိနှိပ်ချုပ်ချယ်မှုများကို ပြုလုပ်မည်မှာလည်း မလွဲဧကန်ဖြစ်ပါသည်။ ပြည်သူလူထု အချင်းချင်းဆက်သွယ်မှုပြတ်တောက်စေရန် လုပ်ဆောင်ခဲ့ပြီး အင်တာနက်ဆက်သွယ်မှုများ၊ လူမှုကွန်ယက်စာမျက်နှာ နှင့် အခြားသုံးစွဲမှုများကို ပိတ်ပစ်ခဲ့ပါသည်။ စစ်တပ်က ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မြို့နယ်အချို့တွင် ညမထွက်ရ အမိန့် နှင့် ပုဒ်မ−၁၄၄ ကို ထုတ်ပြန်ခဲ့ပြီး ပြည်သူလူထု၊ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သောသူများ နှင့် ဦးဆောင်သူများကိုလည်း ဖိနှိပ်မှုများ နှင့် အကြမ်းဖက်လုပ်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။ စစ်တပ်နှင့် ရဲတို့၏ လုပ်ရပ်များကြောင့် ငြိမ်းချမ်းသောနည်းဖြင့် ဆန္ဒဖော်ထုတ်သော ပြည်သူအချို့ နေပြည်တော် သွေးမြေကျခဲ့ရပါသည်။ စစ်တပ်၏ လူမဆန်သောလုပ်ရပ်များနှင့် အတူ နိုင်ငံတကာမှ စစ်အာဏာရှင်အပေါ်ဖိအားများ နှင့် ပြည်သူလူထုအပေါ် ထောက်ခံမှုများမှာလည်း တစစကြီးထွားလျက်ရှိပါသည်။


ထို့အပြင် စစ်တပ်မှ ပြည်သူလူထုအပေါ် အမှားသတင်းဖြန့်ခြင်း၊ ကောလဟာလဖြန့်ခြင်း၊ စိတ်ဓါတ်ရေးရာပျက်ပြားစေနိုင်သော သတင်းများနှင့် အတူ ဆန္ဒဖော်ထုတ်မှု နှောင့်နေးစေရန်၊ ပြည်သူများအကြားသွေးကွဲစေရန် လုပ်ဆောင်လျက်ရှိပါသည်။ ဥပမာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီဆိုသည့် သတင်းအမှားပေးခြင်း နှင့် ၅၀၀၀ တန် နှင့် ၁၀၀၀၀ တန် ငွေစက္ကူများသိမ်းမည်ဆိုသည့်သတင်း။ သို့သော်လည်း ယခုခေတ်သည် နည်းပညာခေတ်ဖြစ်သည့်အတွက် ပြည်သူလူထုအကြား သတင်းပေးမှုမြန်ဆန်ခြင်း၊ သတိဝီရိယ ရှိခြင်းများကြောင့် ၎င်းတို့၏ ထောင်ချောက်ထဲသို့ မကျရောက်ခဲ့ခြေ။


ပြည်သူလူထုများ၏ စည်းလုံးမှုသည် နိုင်ငံတဝန်းလုံးတွင် တစ်နေ့ထက်တစ်နေ့ တိုးပွားလျက်ရှိပါသည်။ သို့သော်လည်း အကြမ်းမဖက်သောနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သော ပြည်သူလူထုများ၏ လုံခြုံရေး နှင့် ဘေးကင်းစေရန် အထူးစိုးရိမ်မိပါသည်။ အဘယ့်ကြောင့်ဆိုသော် စစ်တပ်သည် ပုဒ်မ−၁၄၄ ထုတ်ပြန်ထားသည့်အတွက် လူ ၅ ဦးထက်ပို၍ မစုရပါ။ အကယ်၍သာ လူ ၅ ဦးထက်ပိုစုမိလျင် စစ်တပ်မှ ယခုထက်ပိုမို၍ အကြမ်းဖက်သော နည်းလမ်းများဖြင့် ပြည်သူလူထုများကို ပုဒ်မ−၁၄၄ အမိန့် ချိုးဖောက်သည်ဟု မတရား စွပ်စွဲချက်များဖြင့် လူမဆန်စွာ ပြုလုပ်လာနိုင်ပါသည်။ နည်းလမ်း တစ်ခုအနေဖြင့် ပြည်သူလူထုများ လူ ၄ ဦး တစ်အုပ်စု သို့မဟုတ် လူ ၅ ဦးတစ်အုပ်စု ထက် ပိုမစု၍ အုပ်စုငယ်များစွာ ပြုလုပ်၍လည်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နိုင်ပါသည်။ လူ ၅ ဦးထက်ပိုစု မိလျှင် ပြည်သူလူထုများ၏ ဘေးအန္တရာယ် အတွက် အလွန်ပင် စိုးရိမ်မိပါသည်။ ထို့ကြောင့် သတိဝီရိယ ကြီးစွာထား၍ စနစ်တကျ လုပ်ဆောင်နိုင်မှသာလျှင် မိမိတို့ ယခုလှုပ်ရှားနေသော ဆောင်ရွက်မှုကြီး အောင်မြင်စွာ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ နောက်ထပ် စိုးရိမ်သည့်အချက်မှာ ပြည်သူများ၏ ကျန်းမာရေးဖြစ်ပါသည်။ ကိုဗစ်ကင်းရှင်းစေရန် အတွက်လည်း တစ်ယောက် နှင့် တစ်ယောက် ဖြစ်နိုင်ပါက ၆ ပေအကွာ မှ နေ၍ ဆန္ဒပြစေလိုပါသည်။ လက်များကို မကြာခဏ ဆေးကြောခြင်း၊ လုံလောက်သော အနားယူမှုများပြုလုပ်ခြင်း၊ အဟာရရှိအောင် ပြုမူနေထိုင်ခြင်း များကို လည်း တတ်နိုင်သလောက် လုပ်ဆောင်စေလိုပါသည်။


အားလုံးပိုမို သတိထားနိုင်၍ ဘေးအန္တရာယ်ကင်းဝေးကြပါစေ။




bottom of page